ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ ညနေ (၁၄၃၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများအပေါ် အဓိကအခြေပြုပြီး နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်သည့်အားလျော်စွာ ခရီးသွားလုပ်ငန်းမှာလည်း အလားအလာကောင်းများစွာရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ပေးပြီး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် ဟိုတယ်၊ တည်းခိုရိပ်သာများ၊ လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း၊ လိုင်စင်အသစ်တင်ပြခြင်းအပြင် ကမ်းခြေအခြေပြု ခရီးသွားလုပ်ငန်းများသာမက ယဉ်ကျေးမှုအရသော်လည်းကောင်း၊ သမိုင်းကြောင်းအရသော်လည်းကောင်း ထင်ရှားသော ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ပြီး စနစ်တကျ ရေရှည်တည်တဲ့ခိုင်မြဲသော ခရီးစဉ်သစ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၁၉)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ရယူရန် တင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးတင်ပြကြကြောင်း သိရသည်။
Photo By : Wai Zin