ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

ကမ္ဘာ့ဘဏ်၏ အတိုးနှုန်း သက်သာသော ချေးငွေ (IDA Fund)နှင့် နိုင်ငံတော် ရန်ပုံငွေ ပူးပေါင်းပြီး Co - Financing အနေဖြင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ် (Maternal and Child Cash Transfer Program - MCCTP) အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ (၁၄.၉.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် မိမိတွင် ကိုယ်ဝန်ရှိသည်ဆိုသည်နှင့် ဆောလျှင်စွာ ရပ်ကွက်၊ ကျေးရွာရုံးများ၊ သူနာပြု ဆရာမများထံ အကြောင်းကြားရမည်ဆိုသည့် သတင်းအချက်အလက်ကို ပြည်သူများ သိရှိရန် လိုအပ်ပါကြောင်း၊ ကိန်းကဏန်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ အစိုးရဌာနကို ပေးရန်လိုအပ်ကြောင်း၊ ငွေကြေးဆိုင်ရာနှင့် လုပ်ကိုင်ရသည့်အတွက် မှန်ကန်တိကျရန် လိုအပ်ကြောင်း၊ အကျိုးရှိရှိအသုံးပြုရန်လည်း တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးများ တစ်လလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် နှစ်လတစ်ကြိမ် ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးမီးဖွားပြီး (၂)နှစ်ပြည့်သည်အထိ ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုအား အကောင်းဆုံးအချိန်တွင် ယခုလိုထောက်ပံ့ပေးသည့်အတွက် တိုင်းဒေသကြီးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လိုအပ်သော ကိန်းကဏန်း အချက်အလက်များ မှန်ကန်မှုရှိစေရေးကို တိုင်းဒေသကြီးအတွင်းမှာရှိသော ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြီးကြပ်မှုများကိုလည်း အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ပုံငွေဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးမည့် ကမ္ဘာ့ဘဏ်တို့ကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးပြီး တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးကြကာ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

16-Sep-2019