ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည့် အခမ်းအနားသို့တက်ရောက်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ကွက်အေးချမ်းသာယာရေးကိစ္စရပ်များ အသိပညာတိုးပွားလာပြီး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအား (၂၄.၆.၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာစေရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အုပ်ချုပ်ရေးကဏ္ဍ၏ အခြေခံအကျဆုံးမှာ ရပ်ကွက်/ကျေးရွာစု အုပ်ချုပ်ရေးမှူးများဖြစ်ပြီး အုပ်ချုပ်ရေးမှူးများကို အနီးကပ် အကူအညီ အထောက်အပံ့ပေးမည့်သူများမှာ ရာအိမ်မှူးများဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စများနှင့်ပတ်သက်၍ အသိပညာတိုးပွားလာပြီး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအား ဥပဒေလုပ်ထုံးလုပ်နည်းများသိရှိ၍ လုပ်ငန်းအရည်အသွေး ပြည့်ဝစေရေးအတွက် ရည်ရွယ်၍ ဤသင်တန်းအား ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၌ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ (၁၈၃၀၉)ဦးအား လုပ်ငန်းစွမ်းဆောင်ရည် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကုန်ကျငွေစုစုပေါင်း (၂၂၂)သိန်း အကုန်အကျခံ၍ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ၌ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေနှင့် လဝကဌာန ဘာသာရပ်တို့သည် အုပ်ချုပ်ရေးသမားများအတွက် မဖြစ်မနေ သိရှိနားလည်တတ်ကျွမ်းရမည့် ဘာသာရပ်များ ဖြစ်ပါကြောင်း၊ မိမိတို့ သိသင့်သိထိုက်သော တရားဥပဒေစိုးမိုးရေး၊ အထောက်အကူပြု ဗဟုသုတများရရှိစေရေး၊ ရှောင်ရန်ဆောင်ရန်ကိစ္စရပ်များအား လေ့လာဆည်းပူး မှတ်သားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ စုစုပေါင်းအင်အား (၂၄၇)ဦး တက်ရောက်ခဲ့ပါသည်။