ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ ကုသိန္နာရုံ ဘုရားတန်ဆောင်းတွင် မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၁၈၇၆ ခုနှစ်၊ မြေနှင့်အခွန်အက်ဥပဒေ၊ ၁၉၉၈ ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့်အခွန် စည်းမျဉ်းဥပဒေ၊ ၁၉၈၄ ခုနှစ် မြေသိမ်းအက်ဥပဒေနှင့် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေတို့နှင့်အညီ နေထိုင်ရန်၊ အဆောက်အဦ ဆောက်လုပ်ရန်၊ သာသနာရေးကိစ္စများ ဆောင်ရွက်ရန်နှင့် စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုရန်အတွက် မြေငှားလိုင်စင်၊ နှစ်တို/နှစ်ရှည် မြေငှားဂရန်၊ အခွန်လွတ်သာသနာ့ဂရန်၊ ဗဒ္ဓသိမ်ဂရန်စသည်ဖြင့် ခွင့်ပြုချထားဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ ခိုင်မာသည့် တရားဝင် အထောက်အထား မြေငှားဂရန် ရရှိခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ပိုမိုရရှိစေရန် မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် စီမံချက်ချဆောင်ရွက်လျက်ရှိပြီး (၂၀.၆.၂၀၁၉)ရက်နေ့ ၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ ကုသိန္နာရုံ ဘုရားတန်ဆောင်းတွင် မြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြေငှားဂရန်ရရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် မြေငှားဂရန်အသစ်ထုတ်ပေးခြင်းများနှင့်ပတ်သက်ပြီး မြေယာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုထုတ်ပေးသွားရန်နှင့် ဌာနဆိုင်ရာများအကြား အုပ်ချုပ်မှုအားနည်းချက်များ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အ၀ ရရှိစေရေးအတွက် မြေကာလတန်ဖိုး၊ မြေခွန်နှုန်းထားများအား ဒေသနှင့်ကိုက်ညီပြီး ခေတ်ကာလနှင့်လျော်ညီသည့် သင့်တင့်သော နှုန်းထားများဖြစ်စေရန်၊ မြို့နယ်များတွင် လူနေထိုင်ရန်နှင့်စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြေဧရိယာ (ဝ.၀၅၅)ဧက (၄၀×၆၀)ပေရှိ မြေကွက်တန်ဖိုးနှင့် ငှားရမ်းခ နှုန်းထားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ တိုးမြှင့်သတ်မှတ်ရန် လမ်းညွှန်ချက်အရ ခရိုင်များသို့ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြေအတန်းအစားခွဲခြားသတ်မှတ်ပြီး မြေခွန်နှုန်းထားများ တွက်ချက်တင်ပြရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ မြေငှားဂရန်ချထားပေးခြင်းဖြင့် တိုင်းဒေသကြီးအနေဖြင့် တရားဝင်အခွန်ရရှိပြီး ဝင်ငွေတိုးတက်လာခြင်း၊ မြေကွက်စနစ်တကျ တိုင်းတာသတ်မှတ်သဖြင့် မြေယာပြသနာလျော့နည်းခြင်း၊ မြေငှားဂရန် အမည်ပေါက်ဖြင့် စီးပွားရေးလုပ်ကိုင်နေသူများမှ ဘဏ်ချေးငွေထုတ်ချေးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၉ ခုနှစ် ၊ မတ်လအထိ (၁)ဧကအောက် မြေငှားဂရန် (၁၂၁၃)ခုနှင့် (၁)ဧကအထက် မြေငှားဂရန် (၃၂)ခု ထုတ်ပေးဆောင်ရွက်နိုင်ကြောင်း၊ ပိုင်ဆိုင်မှုရှုပ်ထွေးခြင်းနှင့် ပိုင်ဆိုင်မှု အငြင်းပွားမှု အနည်းဆုံးဖြစ်နိုင်သည့် ရပ်ကွက် (၁)ခုစီအား စိစစ်ရွေးချယ်ပြီး (၁၄.၇.၂၀၁၈)ရက်နေ့မှ (၁၄.၁၀.၂၀၁၈)ရက်နေ့အထိ ရက် (၁၀၀)အတွင်း မြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံချက်ချပြီး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်ကို တာဝန်ပေးဆောင်ရွက်စေခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း (၂၆)မြို့နယ်မှ ရပ်ကွက် (၁)ခုစီ ရွေးချယ်ပြီး ရက် (၁၀၀)အတွင်း မြေငှားဂရန်ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ရာ ဂရန် (၂၃၃၅)ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု ပုသိမ်မြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ အောင်ချမ်းသာနယ်မြေအတွက် မြေငှားဂရန် (၁၉၄)ခုအား ကာယကံရှင်ပြည်သူများထံသို့ လက်ရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လျှောက်ထားခြင်းမရှိသူများမှလည်း ယခုအချိန်တွင် လျှောက်ထားလိုပါက ကာယကံရှင်များအနေဖြင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက်လျှောက်ထားနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက ရက် (၁၀၀)စီမံချက် မြေငှားဂရန် ထုတ်ပေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြေငှားဂရန် ရရှိသူ (၁၉၄)ဦးအား မြေငှားဂရန်များ ပေးအပ်ခဲ့ကာ အောင်ချမ်းသာရပ်ကွက်နေ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
Photo by : Wai Zin