ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ ၊ ယုဇနဟိုတယ်နှင့်ပုလဲငွေဆောင်ဟိုတယ် ငွေဆောင်ကမ်းခြေ၌ ကျင်းပပြုလုပ်သော ဒသမတန်း ကျောင်းသားကျောင်းသူများ၏ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ပညာရေးတာဝန်ခံ လက်အောက်ရှိ လူငယ်ရေးရာဌာနခွဲမှ တာဝန်ယူဆောင်ရွက်ခဲ့ကာ ၁၉၇၃ ခုနှစ်တွင် (၁၀) ကြိမ်မြောက် လူရည်ချွန်စီမံကိန်းမှစတင်၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်အထိ (၂၅)ကြိမ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကာ (၁၉၆၄ မှ ၁၉၈၈ထိ)လူရည်ချွန် ကျား (၅၀၂၇)ဦး၊ မ (၂၈၈၁)ဦး ၊ စုစုပေါင်း (၇၉၀၈)ဦးရှိခဲ့ပြီး ထပ်ကွမ်းအကြိမ်ရသူများ အရေအတွက်ကို လူတစ်ဦးစီအဖြစ် လျော့ချရေတွက်ခဲ့ရာ (၅၀၅၅)ဦး ရှိကြောင်းရေတွက်နိုင်ခဲ့ပါသည်။

ယခုအခါ လူရည်ချွန်(၁၉၆၄-၁၉၈၈)အဖွဲ့အား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ ပြည်ထောင်စုအဆင့် ပြည်တွင်းအသင်း အဖွဲ့အမှတ် ၁/ပြည်တွင်း/၀၀၁၈ ဖြင့် ဖွဲ့စည်းခဲ့ကာ (၁၆.၃.၂၀၁၆)ရက်နေ့တွင် အဖွဲ့ဝင် (၁၃၀၀)ဦးကျော်ရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ် လူရည်ချွန်အပန်းဖြေစခန်းသွင်း အစီအစဉ်များအား အဋ္ဌမတန်း ကျောင်းသား (၈၉)ဦးနှင့်ကျောင်းသူ (၈၉)ဦးတို့နှင့် ကြီးကြပ် ဆရာ/ဆရာမ (၁၈)ဦးတို့အား ပုဂံဒေသသို့လည်းကောင်း၊ နဝမတန်းကျောင်းသား (၈၉)ဦးနှင့်ကျောင်းသူ (၈၉)ဦးတို့နှင့် ကြီးကြပ် ဆရာ/ဆရာမ (၁၈)ဦးတို့အား အင်းလေးဒေသသို့လည်းကောင်း၊ တက္ကသိုလ်ဝင်တန်းကျောင်းသား (၈၉)ဦးနှင့် ကျောင်းသူ (၈၉)ဦးတို့နှင့် ကြီးကြပ် ဆရာ/ဆရာမ (၁၈)ဦးတို့အား ငွေဆောင်စခန်းသို့လည်းကောင်း စခန်း (၃)ခုဖွင့်လှစ်၍ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုအပန်းဖြေစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ ၊ ယုဇနဟိုတယ်နှင့်ပုလဲငွေဆောင်ဟိုတယ် ငွေဆောင်ကမ်းခြေ၌ ကျင်းပပြုလုပ်သော ဒသမတန်း ကျောင်းသားကျောင်းသူများ၏ လူရည်ချွန်စခန်း(ငွေဆောင်) စခန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ/ဆရာမများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူရည်ချွန်မောင်မယ်များက "နောင်တစ်ခေတ်ရဲ့လူရည်ချွန်” သီချင်းဖြင့် သီဆိုနှုတ်ခွန်းဆက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အကျင့်စာရတ္တကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်၍ အဖက်ဖက်ကထူးချွန်တဲ့ လူငယ်မောင်မယ်များအား ရွှေးချယ်ချီးမြှင့်ဂုဏ်ပြုတဲ့ အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် သတ္တမအကြိမ်လက်ခံဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အဖက်ဖက်မှ လိုလေသေးမရှိအောင် တည်းခို၊ နေထိုင်၊ စားသောက်ရေး၊ ပတ်ဝန်းကျင် ပြည်သူ့ဘဝလေ့လာရေးအပြင် ကိုယ်ကာယလေ့ကျင့်ခန်း၊ ပညာရပ်ဆိုင်ရာဟောပြောပွဲများ၊ စာပေဗဟုသုတများနှီးနှောဆွေးနွေးပွဲများ၊ ဒေသထွက်ကုန်များနှင့် ဟိုတယ်ဇုန်များအား လေ့လာခြင်း၊ ကမ်းခြေတွင် လုံခြုံစိတ်ချစွာ အပန်းဖြေနိုင်ရေးတို့ကို ဆောင်ရွက်ပေးထားပြီး နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ ဘက်စုံထူးချွန်တဲ့ လူရည်ချွန်မောင်မယ်များအား စိစစ်ရွှေးချယ် ဂုဏ်ပြုချီးမြှင့်တဲ့အစီအစဉ်မှာ တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နောင်တစ်ခေတ်ရဲ့လူရည်ချွန်များအနေဖြင့်လည်း ဒီထက်မကထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းမှာကြားခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူရည်ချွန်ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအာင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက လူရည်ချွန်တံဆိပ်များအား အသီးသီးချီးမြှင့်အပ်နှင်းခဲ့ကာ လူရည်ချွန်အပန်းဖြေစခန်း(ငွေဆောင်)စခန်းမှူး ဦးကျော်ဝင်း(ဒုတိယညွှန်ကြားရေးမှူးချုပ်)က စခန်းဖွင့်ပွဲအမှတ်တရ မော်ကွန်းတံဆိပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပြီး (၁၉၆၄-၁၉၈၈) လူရည်ချွန်ကြီးများကိုယ်စား ဦးခင်မောင်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အမှတ်တရတံဆိပ်ပေးအပ်ခဲ့ကာ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ ဒေသခံ ဒုတိယတန်းကျောင်းသူလေးတစ်ဦးမှ"ကျွန်တော်ရည်မှန်းချက်”တေးသီချင်း၊ လူရည်ချွန်မောင်မယ်များမှ"ဇာတိမာန်” တေးသီချင်း၊ ပညာအလင်္ကာတေးဂီတအဖွဲ့မှ "ဧရာဝတီရဲ့အလှ” တေးသီချင်းများအားဂုဏ်ပြုသီဆိုခဲ့ကြပါသည်။

Photo by : Wai Zin

22-May-2019