ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် တန်ဆောင်တိုင်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တန်ဆောင်တိုင် ပွဲတော် ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီများအလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် အသုံးစရိတ်များစိစစ်သုံးစွဲကြရန်၊ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရေး၊ တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာကော်မတီအလိုက် ဆွေးနွေးတင်ပြကြရန်” ပြောကြားသည်။

ထို့နောက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက လုံခြုံရေးချထားဆောင်ရွက်သွားမည့် အခြေအနေများ၊ ဖျော်ဖြေရေး မဏ္ဍပ်၊ MSME ပြခန်းများနှင့် စတုဒီသာမဏ္ဍပ်များ ဆောက်လုပ်သွားမည့် အခြေအနေများ၊ ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲကျင်းပသွားမည့် အစီအစဉ်များ၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲ၊ ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်မင်္ဂလာအခမ်းအနား ကျင်းပမည့်အစီအစဉ်များ၊ ဆီမီးမျှောပူဇော် ပွဲ ပြုလုပ်မည့်အစီအစဉ်များ၊ ရပ်ကွက်များအလိုက် မီးထွန်းညှိခြင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းနှင့် မီးအလှထွန်းညှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ MSME ပြခန်းများဖွင့်လှစ်ပြသနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

16-Nov-2026