ဖျာပုံခရိုင်စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ပုသိမ် နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဖျာပုံခရိုင်အတွင်းစိုက်ပျိုး ထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဖျာပုံခရိုင်အတွင်း စိုက်ဧကများတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် စိုက်ဧကများ တိုးတက်စေရေး၊ ရိုးပြတ်ကျန်ဧကများမရှိစေရေးနှင့် ဒုတိယသီးနှံစိုက်ပျိုးရာတွင် အောင်ရေ ရေချိုများ ရရှိစေရေးအတွက် ရေငန်တားတာများတည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ရေငန်ဝင်ရောက်သည့် နေရာများတွင် ရေချိုရရှိအောင်ဆောင်ရွက်၍ စိုက်ဧကများတိုးတက်အောင် နှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ပါကြောင်း၊ စားသုံးဆီဖူလုံမှုရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများကို တိုးချဲ့ စိုက်ပျိုးလျက်ရှိပြီး ခရိုင်များအနေဖြင့် ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်ဖြစ်ထွန်းနိုင်သည့်နေရာများတွင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများပန်းတိုင် အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကများနှင့် အထွက်နှုန်းများမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဖျာပုံခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးနှင့် သားငါးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်သည့် ခရိုင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေး ကုန်ကြမ်းများကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပသို့ export တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်သည့်အပြင် ပြည်ပသွင်းကုန်များအစားထိုးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများကို သိရှိနားလည်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ဖျာပုံခရိုင်၏ စိုက်ပျိုးရေးကဏ္ဍ၊ ပေါ်ဆန်းစပါးစိုက်ပျိုးနိုင်မှု၊ နွေစပါးစိုက်ပျိုးနိုင်ရေးစီမံထားရှိမှုနှင့် မွေးမြူရေးကဏ္ဍများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စူပါအယ်နီညိုဖြစ်စဉ်ကြောင့် ပင်လယ်ရေငန်ဝင်ရောက်မှု မြင့်တက်လာနိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးအစီအမံဆောင်ရွက်မှုများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပေး မြောင်းများနှင့် ရေထိန်းတံခါးများ တည်ဆောက်မှုအခြေအနေများကိုလည်းကောင်း၊ ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေငန်တားတာများတည်ဆောက်ခြင်း၊ ရေချိုရရှိမှုနှင့် နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေ နိုင်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။