ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဖျာပုံမြို့နယ်ရှိ နောင်တော်ကြီးဆိုလာစနစ် ရေတင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၀၀)အား ရေပေးဝေသွားမည့် အခြေအနေအား ကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ နောင်တော်ကြီးကျေးရွာ၌ နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်းဖြင့် နွေစပါးစိုက်ဧက(၁၀၀)ကို ဆိုလာ ၄၈ ကီလိုဝပ်၊ ရေပေးမြောင်း(၃၁၂၀)ပေဖြင့် ရေပေးဝေဆောင်ရွက် စိုက်ပျိုးသွားမည့် အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းဦးစီးမှူးက နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်းဧက(၁၀၀)တွင် ဆိုလာစွမ်းအင်သုံး ရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေပေးမြောင်းနှင့် ရေထုတ်ပေါက်များဆောင်ရွက်ထားရှိမှုများ၊ ဆိုလာရေတင်စနစ်ဖြင့်ဆောင်ရွက်ပေးနိုင်မှုကြောင့် တောင်သူများအတွက် စက်သုံးဆီ သက်သာမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေဆောင်ရွက်နိုင်မှုနှင့် ဆိုလာချပ်များတပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးရိတ်သိမ်းထွက်ရှိမှု၊ စပါးဈေးရရှိမှုနှင့်တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ အရည်အသွေးကောင်းမွန်ပြီး ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်သည့်စိုက်ပျိုးသီးနှံများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မိုးစပါးရိတ်သိမ်းချိန်နှင့် နွေစပါးစိုက်ပျိုးရန်အတွက် ထွန်ယက်ရာတွင် တောင်သူများ စက်သုံးဆီလုံလောက်စွာရရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြရန်၊ ဆိုလာရေတင်စီမံကိန်းသည် တောင်သူများအတွက် စိုက်ပျိုးရေဖူလုံစေရေး၊ စိုက်ပျိုးစရိတ်လျှော့ချနိုင်ရေးနှင့် သီးနှံစိုက်ပျိုးမှု တိုးချဲ့နိုင်ရေးတို့အတွက် အထောက်အကူပြုသည့်အတွက် စီမံကိန်းရေရှည်တည်တံ့စေရေးကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း တောင်သူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။