စုပေါင်းမဟာဘုံကထိန်နှင့် တန်ဆောင်တိုင် ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်နှင့် တန်ဆောင်တိုင် ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ပဒေသာပင်များ စနစ်တကျပြင်ဆင်ဆောင်ရွက်ရေး၊ ပဒေသာပင် လှည့်လည်မည့် သတ်မှတ်လမ်းကြောင်း တစ်လျောက် အဆင်ပြေချောမွေ့စွာလှည့်လည်နိုင်ရေး၊ ကျွေးမွေးလှူဒါန်းမည့် စားသောက်ဖွယ်ရာများ ချက်ပြုတ်ရာနှင့် ဧည့်ခံကျွေးမွေးရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်နှင့် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ပူဇော်ပွဲ ကျင်းပမည့် ရှုခင်းသာရင်ပြင်နှင့် ပုသိမ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် အလှမီးများ ထွန်းညှိခြင်း၊ ဘုရားစေတီပုထိုးများ၊ ရုံး၊ ဌာန အဆောက်အဦများ၊ ရပ်ကွက်များ၊ နေအိမ်များနှင့် ပန်းခြံများတွင် အလှမီးများ ထွန်းညှိပူဇော်သွားမည်ဖြစ်ပြီး စတုဒီသာကျွေးမွေးမည့်အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရေး၊ စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင် တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက် ကြရန်နှင့် သက်ဆိုင်ရာကော်မတီအလိုက် ဆွေးနွေးတင်ပြကြရန်”အမှာစကားများ ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီများက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ စုပေါင်းမဟာဘုံကထိန်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပင့်ဆောင်မည့် ဆရာတော်ကြီးများစာရင်း၊ ပဒေသာပင်လှည့်လည်ရာတွင် ဖျော်ဖြေရေးယာဉ်များဖြင့် သတ်မှတ် လမ်းကြောင်းများအတိုင်း ဆောင်ရွက်သွားမည့်အခြေအနေများကို လည်းကောင်း၊ တန်ဆောင်တိုင် မီးမျှောပွဲတော်တွင် ဆီမီးမျှောမည့်နေရာနှင့် ယခင်နှစ် ဆီမီးမျှောခဲ့သည့် ဆီမီးအရေအတွက်များကို လည်းကောင်း၊ တန်ဆောင်တိုင်မီးမျှောပွဲတော်၊ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အလှမီးများ ထွန်းညှိမည့် အစီအမံများနှင့် စတုဒီသာကျွေးမွေးမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

09-Nov-2026