တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ ယာယီ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ (REC)ဖွဲ့စည်းခြင်းအခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ရှင်များအသင်း၏ ယာယီ တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ (REC) ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ဟိုတယ်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ခရီးသွားလာမှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ အတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုကောင်းမွန်ရေးနှင့်အတူ လူနှင့်ကုန်စည်များ အချိန်မီဘေးကင်းစွာ သွားလာပို့ဆောင် နိုင်ရေးကလည်း အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးသည် ကားအရောင်းအဝယ်လုပ်ငန်း တိုးတက်ရေးတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ဒေသ၏ ထုတ်လုပ်မှု၊ ကုန်စည်စီးဆင်းမှု၊ အလုပ်အကိုင်နှင့် ပြည်သူများ၏ နေ့စဉ် လူမှုစီးပွား ဘဝကိုပါအထောက်အကူပြုနိုင်သည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အသင်းအနေဖြင့်လည်း အသင်းဖွဲ့စည်းပုံ စည်းမျဉ်းများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ပြီး အသင်းဝင်များအကြား ယုံကြည်မှုကို တည်ဆောက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်း ရှင်များအသင်း (MAMDA) ဥက္ကဋ္ဌက အသင်းဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (ARCCI) ဥက္ကဋ္ဌက ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ် ခရီးစဉ်ပြေးဆွဲရန်အတွက် ပြသထားရှိသည့် ZHONG TONG EV မော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

29-Oct-2026