ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ခုနှစ်၊ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ပုသိမ် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမ၊ ရှုခင်းသာရင်ပြင်ရှေ့၌ ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပုသိမ်မြို့၌ သီတင်းကျွတ် ပွဲတော်အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ယနေ့မှ အောက်တိုဘာ၂၇ ရက်နေ့အထိ ၃ ရက် တိုင်တိုင် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့တွင် နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် ဖြိုးကြီး၊ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ ဂျူဝယ်နှင့် ဂီတအနုပညာရှင်များပါဝင်သော ဖျော်ဖြေရေးအဖွဲ့များက ညစဉ် ၇ နာရီမှ ၁၁ နာရီအထိ အခမဲ့သီဆိုဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည့်အပြင် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကိုလည်း ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ရှုခင်းသာရင်ပြင်ရှေ့မှ ရွှေစေတီလမ်းထိပ် အထိ ကမ်းနားလမ်းတစ်လျှောက် ဈေးဆိုင်ခန်း ၆၀ ခန်းဖြင့် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများအား ရောင်းချပေးသွားမည်ဖြစ်ပြီး ရှုခင်းသာရင်ပြင်ရှေ့တွင် မီးပေါင်းခုံးများ၊ မီးအလှဆင်အရုပ်များနှင့် ကမ်းနားလမ်းတစ်လျှောက် ရေပေါ်ဈေးမှ ကျောက်ထီးအထိ ရောင်စုံအလှမီးများ ထွန်းညှိခြင်း၊ Jetty များတွင် အလှဆင်မီးများ ထွန်းညှိခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။