ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ သီတင်းကျွတ်ပွဲတော် ပျော်ပွဲရွှင်ပွဲကို ယခုလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကိုလည်း ကော်မတီများအလိုက် ချမှတ်ပေးထားပြီးဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့်လည်း မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို အသေးစိတ် တင်ပြဆွေးနွေးပေးကြရန်” ပြောကြားသည်။
ထို့နောက် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆို နေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဈေးရောင်းပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် ဥက္ကဋ္ဌများက ကော်မတီများအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။