ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး မအူပင်မြို့သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ကွင်းဆင်းစစ်ဆေး
မအူပင် အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် ခရိုင်၊ မြို့နယ်သက်ဆိုင်ရာဌာနအကြီးအကဲများလိုက်ပါ၍ မအူပင်မြို့ သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မအူပင်တက္ကသိုလ်ဝန်းအတွင်းအပြင် သန့်ရှင်း သာယာလှပစေရေးနှင့် စိုက်ပျိူထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ယနေ့နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)ရပ်ကွက် မြသီရိလမ်းဘေးဝဲယာ မြေကာနံရံပြုလုပ်ဆောင်ရွက်နေမှုအားလည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ရှေ့မှ မြို့ရှောင်လမ်းတစ်လျောက် ပံတပွတ်ကျေးရွာအထိ သန့်ရှင်းရေး ဆောင်ရွက် နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှု များအား လည်းကောင်း၊ မီးဘေးအန္တရာယ်နှင့် သောက်သုံးရေပြတ်လပ်မှု ကြိုတင်ကာကွယ်နိုင်စေရန် ရပ်ကွက်များနှင့် မြို့မဈေးရှိ ရေစုပ်စက်များ ကောင်းမှုရှိ၊ မရှိ၊ ရေပိုက်များကောင်းမွန်မှု ရှိ၊ မရှိများအားလည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး မအူပင်တက္ကသိုလ်ဝန်းအတွင်းအပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ဝန်ထန်းအိမ်ယာ ဆောင်ရွက်ထားရှိမှုများ၊ တက္ကသိုလ်ကန်တင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက် ထားရှိမှုများ၊ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦး ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ စည်ပင်သာယာရေးဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့၊ ငါးကြီးဂရက်ကျေးရွာရှိ တောင်သူ ဦးကျော်ကျော်၏ ကွင်းအမှတ် (၇၅၄)၊ ဦးပိုင်အမှတ် (၅၂)၊ စိုက်ပျိုးဧက (၇.၉၈)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းသုခစပါး စံကွက် ရိတ်သိမ်းနေမှုနှင့် စပါးအစိုဓာတ် တိုင်းတာမှုများအားလည်းကောင်း ကြည့်ရှု့အားပေးပြီး တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွဆိုင်ကျေးရွာ၊ ရတနာပုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း ဆီထွက်သီးနှံနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ (MPE) ထုတ်ဝေပေးခြင်း အခမ်းအနားသို့တက် ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်မှ မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆီထွက်သီးနှံလျာထား ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများမှ တောင်သူများထံ သွင်းအားစုများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် စည်ပင်သာယာရေးဝန်ကြီးသည် ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများတင်ပြသည့် လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး Polytechnic university ဝန်းအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများအား ကြည့်ရှု့စစ်ဆေး၍ သိပ္ပံနှင့် နည်ပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင်ဧရာဝတီဇုန်မှ ဝင်ရောက် ယှဥ်ပြိုင်မည့် အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။