ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
ညောင်တုန်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွှဲပိုင်းက ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမျိုးကျော်က မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများနှင့် ဆီထွက်သီးနှံလျာထား ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ စည်ပင်သာယာရေးဝန်ကြီးက သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများအနေဖြင့် နေရာဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ဖြင့် စိုက်ပျိုးစေရေး၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှဖွင့်လှစ်သည့် သင်တန်းများကိုတက်ရောက်၍ သင်ယူလေ့လာကြရန်နှင့် ဆီထွက်သီးနှံများ လျာထားချက်ပြည့်ပီကျော်လွန်စေရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီးစည်ပင်သာယာရေးဝန်ကြီး၊ ခရိုင်နှင့်မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့် သွင်းအားစုများပေးအပ်ခဲ့ပါသည်။
ထို့နောက် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများသည် ဆားမလောက်ကျေးရွာ၊ ကွင်းအမှတ် (၃၈၂)၊ ဦးပိုင်အမှတ် (၁၅၃)ရှိ တောင်သူ ဦးကျော်ဇောလင်း၏ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး GW-11မျိုးစပါး (၂.၀၀)ဧကစိုက်ခင်း စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအစိုအထွက်(၁၅၉.၉၆)တင်း၊ အခြောက်အထွက် (၁၄၃.၉၆)တင်း ထွက်ရှိကြောင်းသိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများများက ရေစီးရေလာကောင်းမွန်းစေရေးဆောင်ရွက်ထားရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို Digital အသွင်ကူး ပြောင်းရေးဆိုင်ရာကိစ္စရပ်များ၊အင်ဂျင်နီယာလုပ်ငန်းနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ အရည်အသွေးမြှင့်တင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်ကင်းစင်ပြီးမြို့သန့်ရှင်းသာယာမှုရှိစေရေး၊သောက် သုံးရေလုံလောက်မူရှိစေရေး၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။