မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပုသိမ် အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ၏ တမံထိပ်ပြင်နိမ့်ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ တမံအခြေမြေသားထောက်ခြင်းလုပ်ငန်းများ၊ မြေသားတမံအား ပိုမို အားဖြစ်စေရန်အတွက် မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) တည်ဆောက်၍ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ၊ သိုလှောင်ရေလျော့ချခြင်းလုပ်ငန်းများကို စက်ယန္တယားများအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တမံအောက်ပိုင်းအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းလုပ်ငန်းကို မြေတူးစက် ၄ စီး၊ မြေထိုးစက် ၃ စီး၊ မြေသယ်ယာဉ် ၇ စီးတို့ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေအထိ စုစုပေါင်းအလျား ၃၃၀ ပေ၊ ထိပ်ဝအကျယ် ၆၀ ပေနှင့် အမြင့် ၁၂ ပေ ပြီးစီးခဲ့ပြီဖြစ်ပါသည်။ မမြရေလှောင်တမံ၏ ယနေ့ညနေ ၁၈၀၀ နာရီအချိန် ရေမှတ်မှာ ၃၀၇.၆ ပေဖြစ်သဖြင့် မူလ ယခင်ရေမှတ်ထက် ၇.၃ ပေ လျော့နည်းလာပါသည်။ အရေးပေါ်ရေလွှဲမြောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းကြမ်းပြင်နှိမ့်ချခြင်း၊ အကျယ်ချဲ့ထွင်ခြင်းလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ တမံ၏ကြံ့ခိုင်မှုအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိပါကြောင်းအသိပေးအပ်ပါသည်။

16-Oct-2026