ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့် အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ သတိပြုရမည့်အချက်များနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ ရှင်းလင်းပြောကြား
ပုသိမ် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်သည် ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ ဖုန်းမောင်ကြိုင်ကျေးရွာသို့သွားရောက်၍ အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ ရှင်းလင်းမှာကြားခဲ့ပါသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် အဖွဲ့သည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖုန်းမောင်ကြိုင်ကျေးရွာရှိ ရေကန်တူးဖော်မည့် မြေနေရာအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အယ်နီညို ကျရောက်ချိန် သတိထားရမည့်အချက်များနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ငွေဆောင်သို့ သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး အယ်နီညိုဖြစ်ပေါ်လာပုံ၊ သတိပြုဂရုစိုက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အားကစားပစ္စည်းများပေးအပ်ခဲ့ကာ (၄)ခန်းတွဲ နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာအတွင်းပြီးစီး အပ်နှံနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။