ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ တမံအောက်ပိုင်း အိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံ အောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းအား မြေတူးစက် (၄) စီး၊ မြေထိုးစက် (၃) စီး၊ မြေသယ်ယာဉ် (၇) စီးတို့ဖြင့် ဆောင်ရွက်နေခြင်း၊ မြေသားတမံအား ပိုမိုအားဖြစ်စေရန်အတွက် မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ် ကျောက်ရိုး (Rock Toe) ကို အလျား ၅၅၀ ပေ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝ အကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်းတည်ဆောက်ရန် စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေခြင်း တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ်ပြွန်မှ ရေလျှော့ချ နေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မြေတူးစက် (၁)စီး၊ မြေထိုးစက် (၁)စီး၊ ကျောက်ဖောက်စက် (၁)စီးတို့ဖြင့် နှိမ့်ချ၍ရေလျှော့ချဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ မမြရေလှောင်တမံ တမံအိလျောမှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း များတွင် ပါဝင်ကူညီကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို ဒံပေါက်၊ ရေဓာတ်အားဖြည့်အချိုရည်များနှင့် သောက်ရေသန့်များ ပေးဝေခဲ့သည်။

အဆိုပါ မမြရေလှောင် တမံအောက်ပိုင်း အိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းလုပ်ငန်းများနှင့် တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

14-Oct-2026