မမြရေလှောင်တမံအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တမံရေလျှော့ချခြင်း လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် မူလ ရေမှတ် ၃၁၅ ပေမှ ၃၁၂ပေအထိ စုစုပေါင်းလျော့ကျမှုမှာ ၃.၀ ပေ
မမြရေလှောင်တမံအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တမံရေလျှော့ချခြင်း လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် မူလ ရေမှတ် ၃၁၅ ပေမှ ၃၁၂ပေအထိ စုစုပေါင်းလျော့ကျမှုမှာ ၃.၀ ပေ ဖြစ်ပါသည်။ ထပ်မံ၍ တမံရေ အမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ်ပြွန်မှ ရေလျှော့ချနေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၂၀ ပေ မှ ၃၁၂ ပေသို့ မြေတူးစက် (၁) စီးဖြင့် နှိမ့်ချ၍ ထပ်မံလျှော့ချဆောင်ရွက်ခဲ့သည့်အပြင် ရေအမှတ် ၃၀၇ ပေသို့ ထပ်မံနှိမ့်ချ၍ ရေလျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
တမံအောက်ပိုင်း အိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းအား မြေတူးစက် (၃) စီး၊ မြေထိုးစက် (၁) စီး၊ မြေသယ်ယာဉ် (၇) စီး တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း အလျား ၃၀၀ ပေ၊ အောက်ခြေအကျယ် ၁၀၀ ပေ၊ ထိပ်ဝအကျယ် ၇၀ ပေနှင့် အမြင့် ၁၅ ပေထိအား ဆောင်ရွက်ပြီးဖြစ်ပြီး မြေသားတမံပုံစံ၏ နောက်ဘက်တွင် ကျောက်ရိုးစီခြင်း အလျား ၅၅၀ ပေ ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝအကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံအိလျောနေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးကာရေဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်းနှင့်အတူ တမံအိလျောမှုအခြေအနေနှင့် ကာကွယ်ထိန်းသိမ်းမှု အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။
အဆိုပါ မမြရေလှောင်တမံ မြေသားတာဘောင် နိမ့်ကျမှု့ကြောင့် ရေဝင်ရောက်နိုင်သည့်နေရာဒေသများတွင် လတ်တလော ထိခိုက်ပျက်စီးမှု မရှိသော်လည်း ပြည်သူများအား ဘေးအန္တရာယ်ထိခိုက်မှုမရှိစေရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီ၍ ရေလွတ်ရာ ကုန်းမြင့်များသို့ကြိုတင်စီမံ၍ ရွှေ့ပြောင်းပေးလျက်ရှိရာ ကျေးရွာ အုပ်စု ၁၁ အုပ်စုမှ အိမ်ထောင်စု ၂၇၀၁ စု၊ လူဦးရေ ၁၀၉၀၃ ဦးအား နီးစပ်ရာ ကုန်းမြင့်ဒေသနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးစခန်း ၁၄ ခုတွင် အိမ်ထောင်စု ၁၃၂၃ စု၊ လူဦးရေ ၄၇၁၅ ဦး ခေတ္တနေထိုင်လျက်ရှိပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်။