ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
ပုသိမ် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများက “မြတ်ဆရာ”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးကဖတ်ကြား၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့လာသော စုပေါင်းသဝဏ်လွှာအား တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖတ်ကြားခဲ့သည်။ ထို့နောက် အသက်(၇၀)ပြည့်နှစ်နှင့်အထက် ပညာရေးဌာနမှ အငြိမ်းစားယူထားသော ဆရာကြီး၊ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြပြီး AD Myanmar ကိုယ်ပိုင်မူလတန်းကျောင်းမှ “လမ်းပြကြယ်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။