ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို ပိုမိုအသုံးပြုလာစေရေးကို စည်းရုံးဆောင်ရွက်ပေးရန်လိုအပ်
ပုသိမ် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်သည် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်လိုက်ပါလျက် ယနေ့မွန်းလွဲက တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ပုသိမ်ပညာရေးကောလိပ် စာကြည့်တိုက်များသို့ သွားရောက်၍ စာကြည့်တိုက် ပြင်ဆင်ထားရှိမှု၊ စာအုပ် စာစောင်ရရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်သူများ စာကြည့်တိုက်သို့ လာရောက်၍ အသုံးချစာပေနှင့် လူငယ်အကျိုးပြုစာပေဖတ်ရှုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် စာကြည့်တိုက်တာဝန်ခံများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ လူမှူရေးရာဝန်ကြီးက စာကြည့်တိုက်များသည်အမြဲတမ်း Active & Function ဖြစ်ရန်လိုအပ်ပြီး ကျောင်းသား၊ ကျောင်သူများ စာကြည့်တိုက်ကိုပိုမိုအသုံးပြုလာစေရေးကို ဆရာ၊ ဆရာမများနှင့် စာကြည့်တိုက်တာဝန်ခံများက စည်းရုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားစုများဖြစ်သလို နောင်အနာဂတ် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ခေါင်းဆောင်မှုကိုဆက်လက်သယ်ဆောင်ကြမည့် လူသားအရင်းအမြစ် အင်အားစုများဖြစ်သဖြင့် ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို သင်ကြားပို့ချပေးသည့်အပြင် စာဖတ်လိုစိတ်နှင့် လေ့လာလိုစိတ်ကို ပိုမိုလှုံ့ဆော်ဖန်တီးပေးစေလိုကြောင်း၊ စာကြည့်တိုက်ကိုအသုံးချပြီး ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ပညာရှာမှီးတတ်သည့်အလေ့အထများ ပိုမိုထွန်းကားလာရေး တည့်မတ်ညွှန်ပြ ပေးကြစေလိုကြောင်းနှင့် စာကြည့်တိုက်တွင်လူငယ်အကျိုးပြု စာအုပ်များကိုဖြည့်တင်း ဆောင်ရွက်ပေးစေ လိုကြောင်းလမ်းညွှန်မှာကြားပြီး စာကြည့်တိုက်များအတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။