ငွေဆောင်ကမ်းခြေဒေသသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

ပုသိမ် အောက်တိုဘာ ၅

ငွေဆောင်ကမ်းခြေဒေသ သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ငွေဆောင်မြို့၊အမှတ်( ၁)ရပ်ကွက်ရှိ Sunny Paradise Resort ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းက ခရီးစဥ်ဒေသစီမံခန့်ခွဲရေး DMoအဖွဲ့ဝင်များ၊ မြို့အဆင့် ဌာနဆိုင်ရာများ ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် မန်နေဂျာများ၊ ကမ်းခြေဒေသစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများတွေ့ဆုံဆွေးနွေးခဲ့ပြီး ဟိုတယ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၊ အမှိုက်ကင်းစင်သော ကမ်းခြေဒေသ သန့်ရှင်းသာယာလှပရေးတို့အတွက် ဌာနဆိုင်ရာ၊ ပြည်သူနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြားရေး၊ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိရမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး စည်ပင်သာယာရေးဝန်ကြီးက ငွေဆောင်ကမ်းခြေသည် ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဆွဲဆောင်နေသည့် ကမ်းခြေတစ်ခုဖြစ်ပြီး ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆက်လက်ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ငွေဆောင်ကမ်းခြေဒေသသန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပက်သက်၍ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြပေးခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

05-Oct-2026