ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ရေပြန်လည်ကျဆင်းသဖြင့် ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားနေမှုများကို ကြည့်ရှုအားပေး

၂၀၂၆ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့သဖြင့် အခြေခံပညာ ကျောင်းများ ယာယီပိတ်ထားခဲ့ရာ ယခုအခါတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ ကျောင်းများပြန်လည် ဖွင့်လှစ် သင်ကြားနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြား ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ရေပြန်လည် ကျဆင်းပြီဖြစ်သဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပုံမှန်အတိုင်းပညာသင်ကြားနိုင်ပြီဖြစ်ပါကြောင်း၊ ရေကျော်စီးဝင်ပြီး စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရသောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ခန်းစာများ နောက်ကျမှု မရှိစေရေးနှင့် ပြန်လည်အစားထိုးသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာပေကို ကြိုးစားသင်ယူကြရန်၊ ဆရာ၊ ဆရာမ များ၏ သင်ကြားပို့ချမှုများကို အလေးထားလိုက်နာပြီး မိမိတို့၏ ပညာရည်တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ်ကြိုးစားကြရန်” အားပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

03-Oct-2026