ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ သက်ကြီးရွယ်အိုများအပါအဝင် လူသားအားလုံး၏ ဂုဏ်သိက္ခာ နှင့်အညီခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကို လေးစားတန်ဖိုးထားပြီး အခွင့်အရေးများကို အသိအမှတ်ပြုဖော်ဆောင်ပေးခြင်း၊ လေးစားစွာဆက်ဆံပေးခြင်း၊ ပြုစုစောင့်ရှောက်မှုပေးခြင်းများကိုလုပ်ဆောင်ပေးကြရန်၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အနေ ဖြင့်လည်း လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်သည့် ဘိုးဘွားများအရေးကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ပေးကြရန်နှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြုစုစောင့်ရှောက်ပေးကြရန်” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က ကန်တော့ငွေ၊ လှူဒါန်းပစ္စည်းများဖြင့်ကန်တော့ခဲ့ကြသည်။ ယင်းနောက် ခရိုင်အဆင့် အသက်ကြီးဆုံးဘိုးဘွားများနှင့် ဘိုးဘွားရိပ်သာများအတွက် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းပေးအပ်ခဲ့ပြီး ပူဇော်ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

01-Oct-2026