ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအထိ သက်ဆိုင်ရာ ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ စုပေါင်း၍ လူအင်အားနှင့်စက်ယန္တရားများ အသုံးပြုကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့၊ ရန်ကုန် - ပုသိမ် ကားလမ်းဘေးဝဲ/ယာရေမြောင်း၊ ပုသိမ်မြို့အဝင်“ ရိုးသား ကြိုးစား ဧရာဝတီသား”ဆိုင်းဘုတ်မှ ဒိုက်ထူတိုးဂိတ် လမ်းဘေးဝဲယာရေမြောင်းများ၊ မဟာစေတီလမ်း (မြို့ပတ်လမ်း)ရှိ ငါးကျီးထူချောင်းတို့၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်နှင့်နုန်းမြေများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့၏အဓိက မြောင်းမကြီးများ၊ မြောင်းသွယ်များ၊ ရေစီးဆင်းမှု ကောင်းစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် ရေသိုလှောင်နိုင်မည့်နေရာများ၊ ရေရရှိနိုင်မည့် ရေအရင်းအမြစ်များအား သက်ဆိုင်ရာဌာန အလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန်၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းနှင့်ရေနုတ်မြောင်းများကို စဉ်ဆက်မပြတ် ရှင်းလင်း ဆောင်ရွက်ရန်၊ မိုးလေဝသအခြေအနေနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သည့် အခြေအနေကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်၍ သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။