အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂ဝ၂၅)အရ ကိုးရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၁,၃ဝ၉.၃၃၉) တန်အား ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်

ပုသိမ် စက်တင်ဘာ ၃၀

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ် - ၃(၂ဝ၂၅) အရ ကိုးရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသောဆန်(၁,၃ဝ၉.၃၃၉)တန်အား ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှကိုယ်စားလှယ်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံ နိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်မှုကြောင့် မြို့နယ်လေးမြို့နယ်မှ အိမ်ထောင်စုတစ်သောင်း ကျော်ကလူဦးရေ တစ်သိန်းကျော်သည် တစ်လခွဲနီးပါးရေဘေးသင့်သည့် ဒဏ်ကိုခံစားခဲ့ရပြီး ရေဘေးသင့်ပြည်သူများအတွက် ရေရှောင်စခန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကလည်း လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ အာဆီယံ အပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ထောက်ပံ့ သောဆန်များသည် ရေဘေးသင့်ပြည်သူများအတွက် များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ရေဘေးသင့် ပြည်သူများကို လာရောက်ထောက်ပံ့သည့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ တာဝန်ရှိသူများအား နိုင်ငံတော်အစိုးရကိုယ်စား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားနှင့် ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က APTERR Tier 3 Program အကြောင်းရှင်းလင်းတင်ပြပြီးနောက် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ မန်နေဂျာ Dr.Choomjet karnjanakesornနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၏ ပထမအတွင်းဝန် Mr.Wang Xianzhong က လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကာ Tier 3 ဆန်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ APTERR သည် အာဆီယံ ၁၀ နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများဖြစ်ပေါ်ချိန်တွင် လိုအပ်သည့်ဒေသများသို့ အရန်ဆန်များ ထောက်ပံ့ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

 

30-Sep-2026