ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပုသိမ် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး “ကလေးများ၏ ပညာရည်မြင့်မားရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးသည် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား/သူတိုင်း KG+9 အထိ ရောက်ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး တန်းစဉ်ကူးပြောင်းမှုမြင့်မားရေးအတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးအဖွဲ့များပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ Grade-12 အောင်ချက်မြင့်မားရန် တက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ ပူးပေါင်း၍ အောက်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို အင်တိုင်အားတိုက် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေရှိသည့် မြစ်ကမ်းဘေး၊ ချောင်းဘေးရှိ ကျောင်းများစာရင်းကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အချိန်မီကောက်ယူ၍ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းစာကြည့်တိုက်များကို ပုံမှန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများအကြား ဖုန်းအသုံးပြုမှုများပြားကာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများမဖြစ်စေရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများ မဖြစ်ပွားစေရန် ဆရာ/ ဆရာမများ၊ မိဘများနှင့်ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်းနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်” မှာကြားခဲ့သည်။