ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၂၉
လက်ရှိဖြစ်ပေါ်နေသည့် ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်နှင့်ကျေးရွာများတွင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ စုပေါင်း၍ လူအင်အားနှင့် စက်ယန္တရားများအသုံးပြုကာ ချောင်းကော၊ မြောင်းကောများ၊ ရေမြောင်းများ၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့တွင် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ မင်းကြီးလမ်းရှိ ဈေးချောင်းချောင်း၊ ငဝန်ကျွန်းသာရပ်ကွက်အလယ်လမ်းရေမြောင်း၊ အမှတ်(၃) ရပ်ကွက် ရွှေရုပ်တုအနီးလမ်းဘေးဝဲ/ယာရေမြောင်း၊ အမှတ်(၂)ရပ်ကွက် တလိုင်းချောင်းချောင်း၊ အမှတ်(၆) ရပ်ကွက်၊ နှစ်ထောင်တန်နှင့် အောင်ချမ်းသာလမ်းမကြီးပင်မရေမြောင်းနှင့် ကျောက်ငူ ချောင်းတို့၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ၊ ရေထုတ်မြောင်းများအတွင်း ရေစီးဆင်းမှုအဟန့် အတားဖြစ်စေနိုင်သည့် အမှိုက်နှင့် နုန်းမြေများ ရှင်းလင်းဖယ်ရှားခြင်းများကို စက်ယန္တရားများ၊ လူအင်အားများအသုံးပြုကာ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများကို ကြိုတင်သတ်မှတ်ဖော်ထုတ်၍ အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရားများနှင့် လိုအပ်သည့်ပစ္စည်းများကို ကြိုတင်စုစည်း ထားရှိရန်၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းနှင့်ရေထုတ်မြောင်းများကို စဉ်ဆက်မပြတ် ရှင်းလင်းဆောင်ရွက်ရန်နှင့် မိုးလေဝသအခြေအနေများနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ် နိုင်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်၍ သက်ဆိုင်ရာဌာနများ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။