နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များထပ်ဆင့်ရှင်းလင်းခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ် စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များထပ်ဆင့်ရှင်းလင်းခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် လယ်ယာကဏ္ဍတစ်ခု တည်းတင်မဟုတ်ဘဲ လယ်ယာကဏ္ဍမှထွက်ရှိသည့်ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ တန်ဖိုးမြှင့်ထုတ်ကုန်မှ စက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန် ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက်ချိတ်ဆက်ပြီး နိုင်ငံထုတ်ကုန် တိုးတက်လာ စေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံစေရေးအတွက် ဆန်၊ ဆီ၊ သားငါး ပြည့်စုံအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့် စပါးသီးနှံ ဖူလုံမှုရှိသော်လည်း ဆီထွက်သီးနှံသည် ဖူလုံမှုမရှိသေးပါကြောင်းနှင့် စားဆီကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါကြောင်း၊ နေကြာစိုက်ပျိုးရေးနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့်ချိတ်ဆက်ကာ မျိုးရရှိရေး၊ သွင်းအားစုများရရှိရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုကူညီပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ များကလည်း သီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးတွင် စိုက်ပျိုးသည့် ပေါ်ဆန်းစပါးများကိုလည်း အဆင်း၊ အနံ့၊ အရသာနှင့် ပြည့်စုံသည့် မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းအောင် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်စီးဆင်းမှုလုပ်ငန်းများမရှိစေရေး တရားဝင် အထောက်အထားများဖြင့် ပို့ဆောင်သည့် ကုန်စည်များကိုလည်း လျင်မြန်စွာဖြတ်သန်း သွားလာ နိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ MSME လုပ်ငန်းများသည် အရေးပါသည့်လုပ်ငန်းများ ဖြစ်သည့်အတွက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အယ်လ်နီညိုနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားကြရန်နှင့် သောက်သုံးရေနှင့် စိုက်ပျိုး ရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်း ထားရှိရန်လိုကြောင်း၊ ပိုက်ဆံလျှော် စိုက်ပျိုးချိန်ရောက်ရှိလာတော့မည်ဖြစ်၍ ပိုက်ဆံလျှော်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများအား အမြဲမပြတ်ကြည့်ရှုစစ်ဆေးရန်နှင့် ကျောင်းစာကြည့်တိုက်များနှင့် အခြား စာကြည့်တိုက်များ ရှင်သန်အောင်ဆောင်ရွက်ကြရန်နှင့် စာဖတ်နှုန်းမြင့်မားစေရေးဆောင်ရွက် ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်” ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက စိုက်ဧက များတွင် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင်ရန်အတွက် စက်သုံးဆီများလုံလောက်စွာရရှိရေးအတွက် စာရင်းများတင်ပြနိုင်ရေး၊ ရေဝင်နစ်မြုပ်ဒေသများမှ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းဥပဓိရုပ်များကောင်းမွန်ရေးအတွက် ဆောင်ရွက်နိုင်ရေး၊ လျာထားစိုက်ဧကများပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးမြေရေနည်းကို အခြေခံ၍ သီးနှံစိုက်စွမ်းအားတိုးတက်အောင်ဆောင်ရွက်နိုင်ရေး၊ ရေကြီးနစ်မြုပ်ဒေသများမှ လယ်ယာကဏ္ဍ ပြန်လည်ထူထောင်ရေးနှင့် ဆီထွက်သီးနှံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့များထောက်ပံ့ ပေးနိုင်ရေး၊ စိုက်ဧကများအောင်ရေရရှိရေးနှင့် ရေချိုရရှိရေး ဆောင်ရွက်ထားရှိမှုများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

26-Sep-2026