ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာတွင် ငဝန်‌မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ ငဝန်‌မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာသို့ သွားရောက်၍ ငဝန်‌မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား Floating Uint များ ချထား ဆောင်ရွက်၍ မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ထပ်မံဖြစ်ပေါ်ခြင်းမရှိစေရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုမရှိစေရေးအတွက် မြစ်ကမ်းထိန်းလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ရန်၊ ကမ်းပါးပြိုကျနိုင်သည့် နေရာများကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးရန်၊ လိုအပ် သည့်နေရာများတွင် အရေးပေါ်ကမ်းထိန်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥသျှစ်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥသျှစ်ကုန်းတောကျောင်း ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြစ်ကမ်းပါးရေတိုက်စားမှုဒဏ် ခံနိုင်ရည် ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နိုင်သည့်နေရာများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် စစ်ဆေး၍ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ်းပါး ပြိုကျမှုများကြောင့် ပြည်သူများ၏ လူနေအိမ်များ၊ လမ်းတံတားများ၊ စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ထိခိုက်မှုမရှိစေရေးအတွက် အန္တရာယ်ရှိသည့်နေရာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက်စောင့်ကြည့်စစ်ဆေးကာ လိုအပ်သည့်နေရာများတွင် မြစ်ကမ်းထိန်းနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း” ပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများကို ပေးအပ်ခဲ့ပါသည်။ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ဓမ္ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

11-Sep-2026