ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့၊ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့၊ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် စပါးကို အဓိကထားစိုက်ပျိုးပြီး ဆန်ဖူလုံမှုအနေဖြင့် ၄၀၀ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ ထို့အပြင် မွေးမြူရေးလုပ်ငန်းများအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ များပြားပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ထူးချွန်ပညာရှင် လူ့စွမ်းအားအရင်း အမြစ်များ များစွာမွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်း များပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းများသူများ အနေဖြင့် ဘာသာရပ်အလိုက် ထူးချွန်သူများဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း” ပြောကြားပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။