ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတက်ရောက်

ပုသိမ် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် က မင်္ဂလာဖားစည် ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့ အားအလေးပြုကြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လက်ချည်ပွဲသည် ကရင်တိုင်းရင်းသား တို့၏ ရိုးရာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်ရင်းနှီး ချစ်ခင်မှုတို့ကို ထင်ဟပ်ဖော်ပြပေးသည့် အရေးပါသော ရိုးရာအခမ်းအနားတစ်ရပ်ဖြစ်ပါကြောင်း၊ ကရင်ရိုးရာ လက်ချည်ပွဲတွင် လူကြီးမိဘများ၊ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကတစ်ဦးနှင့်တစ်ဦး ချည်ဖြူ များဖြင့် လက်ချည်ပေးခြင်းသည် ချစ်ခင်ရင်းနှီးမှု၊ မေတ္တာ၊ စည်းလုံးညီညွတ်မှုနှင့် ကောင်းကျိုးလိုလား မှုတို့ကို ဖော်ပြသည့်အဓိပ္ပာယ်များ ပါဝင်ပါကြောင်း၊ ယနေ့ ဝါခေါင်လ လက်ချည်ပွဲသည် ကရင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဖော်ထုတ်ပြသသည့် အခမ်းအနားတစ်ရပ် သာမက မိသားစုများအကြား မေတ္တာနှင့်ရင်းနှီးချစ်ခင်မှုကို ခိုင်မာစေခြင်း၊ လူမှုအသိုက်အဝန်း အတွင်း စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခြင်း၊ ရိုးရာယဉ်ကျေးမှု များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးခြင်းတို့အတွက် အရေးပါသည့် အခမ်းအနား တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ပိုမိုတန်ဖိုး ထားထိန်းသိမ်းကြရန်၊ လူငယ်များထံသို့ လက်ဆင့်ကမ်းပေး ကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း” ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ကရင် တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့လက်ချည်ပွဲအကြောင်းရှင်းလင်း၍ ကျေးဇူးတင် စကားပြော ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်း သားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားပြုလုပ်ရာ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများသယ်ဆောင်ကာ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွားများအား စနစ်တကျခေါ်ဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများက ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

06-Sep-2026