ဧရာဝတီတိုင်းဒေသကြီးကျောင်းသားရွေးချယ်ရေးကော်မတီဥက္ကဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးကောလိပ် ဝင်ခွင့်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပထမနှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် AGTI ဒီပလိုမာသင်တန်း ဝင်ခွင့်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ကျင်းပရာ တိုင်းဒေသကြီးကျောင်းသား ရွေးချယ်ရေးကော်မတီဥက္ကဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမင်းဦးနှင့်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးကာ စာမေးပွဲစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
အဆိုပါဝင်ခွင့်စာမေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၈)ခုမှ ကျောင်းသား၊ ကျောင်းသူ (၈၀)ဦး လျှောက်ထားဖြေဆိုလျက်ရှိကြောင်းနှင့် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအတွက် (၁၇)ဦး၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် AGTI ဒီပလိုမာသင်တန်းများအတွက် (၆၃)ဦး ဖြစ်ပြီး ယခုစာမေးပွဲတွင် ရွေးချယ်ခံရသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသောတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၌ နိုင်ငံတော်စရိတ် နေထိုင်စားသောက် အခမဲ့စနစ်ဖြင့် ပညာသင်ကြားခွင့် ရရှိမည့်အပြင် ဘွဲ့၊ ဒီပလိုမာများရရှိပါက နိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာနအသီးသီးတွင် အလုပ်အကိုင်များ တပါတည်းခန့်အပ်ခြင်းခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။