ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုများကြောင့် ရေဝင်နစ်မြုပ်စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆွေးနွေး

ပုသိမ် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့်ရေကျော် စီးဝင်မှုများကြောင့် ကျုံပျော်ခရိုင်အတွင်းရှိ သီးနှံများရေဝင်နစ်မှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လေးမျက်နှာမြို့၊ ငဝန်တာတာနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် ရေစီးဝင်လမ်းကြောင်း ပိတ်ဆို့ကာကွယ်ရေးလုပ်ငန်းများမှာ ပြီးမြောက်အောင်မြင် တော့မည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းလာပြီဖြစ်သဖြင့် သီးနှံများ အမြန်ဆုံးပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော စက်ယန္တရားများ၊ မျိုးစေ့များနှင့် သွင်းအားစုများအား ကြိုတင်၍ အသင့်စုဖွဲ့ထားရှိပြီးဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုး၍ရသည့်နေရာများကို ဦးစားပေးထွန်ယက်စိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက်လည်း လိုအပ်သည် များကို ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေဝင်နစ်မြုပ်မှုများမှ ကွင်းအလိုက်ရေပြန်ပေါ် သည့် ဧရိယာ၊ ဧက၊ တောင်သူတစ်ဦးချင်း၏ ပျက်စီးခဲ့သည့် စိုက်ဧက၊ ပြန်လည်စိုက်ပျိုးမည့်သီးနှံ၊ မျိုးစေ့နှင့်သွင်းအားစုလိုအပ်ချက်၊ ထွန်ယက်စိုက်ပျိုးမည့် အခြေအနေ၊ စိုက်ပျိုးရေရရှိမှု အခြေအနေ များနှင့်ပတ်သက်သည့် စာရင်းဇယားများ၊ ကိန်းဂဏန်းအချက်အလက်များကို ကွင်းအလိုက် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့များစုဖွဲ့၍ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ကွင်းဆင်း ကောက်ယူကြရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် ပြည်သူများကို မိမိတို့၏ မိသားစုသဖွယ်သဘောထား၍ စားဝတ်နေရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို တာဝန်ရှိသူ များအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးနေမှုများနှင့် ဆေးရုံများပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူးက ရေဝင်နစ်မြုပ်စိုက်ဧကများအား စာရင်းများကောက်ယူ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက မျိုးစေ့များရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် သီးနှံများပြန်လည် စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများ၊ သီးနှံပျက်စီးမှုများ စာရင်းကောက်ယူ ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးက စက်ယန္တရားများ အသင့် စုဖွဲ့ထားရှိမှု အခြေအနေများနှင့် ရေဝင်နစ်မြုပ်စိုက်ဧကများတွင် သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ထွန်ယက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းဦးစီးမှူးက စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်းများတူးဖော်ခြင်း၊ ချောင်းကော၊ မြောင်းကောများပြန်လည်တူးဖော်၍ ရေတင်စက်များ၊ ဆိုလာရေတင်စနစ်များဖြင့် အောင်ရေရှိရေး ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ရေကြီးနစ်မြုပ်ဒေသများရှိ ကျောင်းများ ပိတ်ထားမှုနှင့် ရေပြန်လည်ကျဆင်းလာသဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ထားရှိမှု၊ အခြေခံပညာ ကျောင်းများအတွက် လိုအပ်သည့်ပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်၊ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများ၏ ဆွေးနွေးမှုတင်ပြများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့က ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍ ပြည်သူများ၏ အခက်အခဲများကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

04-Sep-2026