CB တွဲခွံကြီး ရေဝင်လမ်းကြောင်းအတွင်း စနစ်တကျ နစ်မြုပ်ပိတ်ဆို့မှု အောင်မြင်စွာဆောင်ရွက်ပြီးစီး
၂၀၂၆ စက်တင်ဘာ ၃
ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး လုပ်ငန်းစဉ်များအနက် အဓိကကျသော CB တွဲခွံ နစ်မြုပ်ပိတ်ဆို့ခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရေစီးအရမ်းသန်ပြီး ရေတိုးဝင်နေသော ပိတ်ဆို့ရန်ကျန်ရှိနေသေးသည့် အလျား ပေ ၇၀ နှင့် ရေအနက် ပေ ၄၀ ရှိသည့် ရေဝင်ပေါက် လမ်းကြောင်းကို ထိရောက်စွာ ပိတ်ဆို့နိုင်ရန်အတွက် ဧရာရွှေဝါကုမ္ပဏီမှ လှူဒါန်းထားသည့် (၈၀ ပေ × ၁၈ ပေ × ၉ ပေ) ပမာဏရှိ CB တွဲခွံကြီး ကို မော်လမြိုင်ကျွန်းမြို့နယ်မှ လုပ်ငန်းခွင်သို့ သယ်ယူရွှေ့ပြောင်းခဲ့ပါသည်။
ထို့နောက် ၃.၉.၂၀၂၆ ရက်နေ့တွင် အဆိုပါ CB တွဲခွံကြီးအတွင်းသို့ သဲနှင့် ကျောက်များ ပြည့်နှက်စွာ ထည့်သွင်းကာ ရေစီးရေလာ ထိန်းချုပ်ရန် ကြိုတင်ရိုက်ခတ်ထားသည့် Sheet Pile များ၏ အနောက်ဘက်တွင် စနစ်တကျ နစ်မြုပ်ပိတ်ဆို့ပေးခဲ့ပြီး ဖြစ်ပါသည်။ Sheet Pile များ၏ အနောက်မှ အားဖြည့် နစ်မြုပ်ပိတ်ဆို့လိုက်ခြင်းကြောင့် ရေတိုက်စားမှုနှင့် ရေတိုးဝင်မှုကို ပိုမိုခိုင်မာစွာ တားဆီးပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကျန်ရှိနေသော ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းစဉ်များကိုလည်း မကြာမီ ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေဘေးသင့် မိဘပြည်သူများအတွက် သတင်းကောင်းပါး အသိပေးအပ်ပါသည်။