ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
ပုသိမ် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်၍ အားပေးစကားများ ပြောကြားပြီး ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာသို့ သွားရောက်၍ မြသီဟာကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စား သောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း” အားပေးစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။