ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီနှင့်တွေ့ဆုံ၍ ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးမှာကြား

ပုသိမ် ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ကျုံပျော်ခရိုင်အတွင်းရှိမြို့နယ်များမှ ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီနှင့်တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။

ဦးစွာ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ရေဝင်ရောက်ခဲ့သည့် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရေအမှတ်များ၊ မြစ်ချောင်းများ၏ မြစ်ရေအမှတ်များ၊ ရပ်ကွက်/ကျေးရွာများ ရေဝင်ရောက်မှု၊ ရေရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှု၊ သီးနှံများ ရေလွှမ်းနစ်မြုပ်မှု၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ပစ္စည်းများလှူဒါန်းမှု၊ ဌာနဆိုင်ရာရုံးများရွေ့ပြောင်းထားရှိမှု၊ ကားလမ်း၊ ရထားလမ်းများ ရေကျော်မှုနှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်လိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထိုကဲ့သို့ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“လေးမျက်နှာမြို့၊ ငဝန်တာ နိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကူညီကယ်ဆယ်ရေး‌ဆောင်ရွက်‌နေကြသည့် ယာဉ်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စက်သုံးဆီများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများအသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့်မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ ရေဝင်ရောက်သည့်မြို့နယ်များမှ ပြည်သူများ သွားလာမှု အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရန် စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားပြီး တက်ရောက် လာသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

 

23-Aug-2026