ကာလဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးနှိုးဆော်ချက်
၂၀၂၆ သြဂုတ် ၁၄
(၁) မိဘပြည်သူများအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကင်းဝေးစေရေးအတွက် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။
ရေ- သောက်သုံးရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်ပါ။
အစာ- အစားအစာများကို ကျက်ကျက်မှန်မှန်ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးပါ။ ယင်မနားအောင် သေချာဖုံးအုပ်ပါ။
လက်ကို အစားမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။
(၂) ကာကွယ်နည်းနှင့် အိမ်တွင်း ရှေးဦးပြုစုကုသနည်းများ
ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားပါက အဓိက အသက်အန္တရာယ်ရှိသည်မှာ ခန္ဓာကိုယ်တွင်း ရေဓာတ်နှင့် ဆားဓာတ် ခမ်းခြောက်ခြင်း (Dehydration) ဖြစ်သည်။
ကုသနည်း (ရှေးဦးပြုစုခြင်း)
#ဓာတ်ဆားရေချက်ချင်းတိုက်ပါ- ဝမ်းပျက်ဝမ်းလျှောစဖြစ်သည်နှင့် ရေဓာတ်မခမ်းခြောက်စေရန် ဓာတ်ဆား (ORS) ကို သန့်ရှင်းသော ရေအေးဖြင့် စနစ်တကျ ဖျော်စပ်၍ မကြာခဏ သောက်ပေးပါ။
#အရည်များများတိုက်ပါ - ဓာတ်ဆားရေအပြင် စွပ်ပြုတ်ရည်၊ ဆန်ပြုတ်ရည်စသည့် သန့်ရှင်းသော အရည်များကို တိုက်ပေးပါ။
#မိခင်နို့ဆက်တိုက်ပါ - နို့စို့အရွယ် ကလေးများ ဖြစ်ပါက မိခင်နို့ကို ပုံမှန်ထက် ပိုမို တိုက်ကျွေးပါ။
#အစာဆက်ကျွေးပါ- ဝမ်းပျက်နေစဉ် အစာဖြတ်မထားပါနှင့်။ အစာကျေလွယ်သော ဆန်ပြုတ်၊ ကြက်ပြုတ်ရည် အစာများကို အနည်းအပါး ဆက်လက် ကျွေမွေးပါ။
(၃) ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး ပြသရမည် အခြေအနေများ
အောက်ပါလက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ချက်ချင်း သွားရောက် ကုသမှုခံယူရပါမည်-
မဲနက်သော ဝမ်းရေလို အမြှုပ်များဖြင့် မကြာခဏသွားခြင်း၊ အန်ခြင်း၊ မရပ်မနား ဝမ်းသွားခြင်း၊ အလွန်အမင်း ရေငတ်ခြင်း၊ နှုတ်ခမ်းနှင့် လျှာခြောက်သွေ့ခြင်း၊ မျက်ကွင်း ဟောင်းလောင်း ပိန်ဝင်သွားခြင်း၊
ဆီးနည်းသွားခြင်း သို့မဟုတ် ဆီးမသွားတော့ခြင်း၊
ကလေးများတွင် မှေးမှိန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း သို့မဟုတ် သတိလစ်ခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်းများ ဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံးရောက်အောင် သွား၍ စနစ်တကျကုသမူခံယူပါက ပြန်လည်ကောင်းမွန်လာပါမည်။
ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ရောဂါထိန်းချုပ်နိုင်သည့် ကာလအထိ လမ်းဘေးအစားအစာများ မသန့်ရှင်းသော အစားအသောက် များ စားသုံးခြင်းကို ခေတ္တခဏရပ်နား (ရှောင်ကြဉ်)ပေးကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။