ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်သည့် ငဝန်တာနေရာအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မျောတုတ်တန်း၏ အပြင်ဘက်ခြမ်း ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုပ်ပိုးထားသည့် သဲအိတ်များဖြည့်သွင်း၍ ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများဖြင့် Pile ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ကာကွယ်ရန် Geo-bags ချသည့် ရေယာဉ်များနှင့် သဲယာဉ်များ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေယာဉ်ငယ်များ၊ သဲစက်လှေတွဲများဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။