ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်
ပုသိမ် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဘိသလွန်ကျေးရွာအုပ်စု၊ ကရင်တောဗောဓိကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ “ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့်လည်း မြွေအန္တရာယ်အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်လည်း ဂရုပြုနေထိုင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်း အတူတကွကျော်ဖြတ်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အကူအညီများကို တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။