ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား
၂၀၂၆ ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ ညနေပိုင်းက ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်ကျောင်းတိုက်တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရေကြည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုဖြစ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ လေးမျက်နှာ မြို့နယ်နှင့် အနီးဆုံးဖြစ်သည့် ငါးသိုင်းချောင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင်လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရေကျော်စီးဝင်ခဲ့သည့် ငဝန်တာကိုလည်း မူလအတိုင်းဖြစ်စေရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြုံတွေ့ရသည့် သဘာဝဘေးများကို အစိုးရနှင့်ပြည်သူလက်တွဲညီညီပူးပေါင်း ဆောင်ရွက်ပါက အခက်အခဲများကိုကျော်ဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများ ကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်၍ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့၊ မြို့မရပ်ကွက် မိတ္ထီလာရိုးချောင်းအတွင်း ရေဝင်ရောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရေဆင်းလမ်းကြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။