ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပန္နရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် များစုပေါင်းပြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ ပန္နရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊ ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ)မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီးတို့က သီလရှင်ဝတ်စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ပုသိမ်မြို့၊ မောင်းထောင်ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာဓိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

28-Jul-2026