ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ
ပုသိမ် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့ နေ့လယ်ပိုင်းက ပုသိမ် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့်တွေ့ဆုံ၍ "ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ရပ်ကျေးပုံစံ(၂၇)မျိုးတွင် ရေးသွင်းချက်များ အချိန် နှင့်တပြေးညီ စာရင်းဇယားများ တိကျမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီဆောင်ရွက်ရန် လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ရာတွင် တောင်သူများလက်ဝယ် မှန်မှန်ကန်ကန် ရောက်ရှိအသုံးပြုနိုင်အောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်း များမရှိစေရေး ကြပ်မတ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် ဆက်ဆံရာတွင်လည်း ဖော်ရွေ ပျူငှာစွာနှင့် ပွင့်လင်းမြင်သာမှုရှိရန်လိုပါကြောင်း၊ ရပ်ရွာများသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ရန်လိုပါကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။ ဆက်လက်၍ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆွေးနွေးခဲ့ကာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။