ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပုသိမ် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “ မြို့ရွာများ သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် စည်းကမ်းရှိသော မြို့များဖြစ်စေရေးအတွက် အဓိကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေကြသော စည်ပင်သာယာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားလိုက်နာကျင့်သုံးရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မြို့နှင့်ပြည်သူလူထုအတွက် ထိရောက်အကျိုးရှိသော လုပ်ငန်းများဖြစ်အောင် စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်း၊ ခွဲဝေချထားပေးသောဘဏ္ဍာငွေများ သုံးစွဲဆောင်ရွက်ရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေအလွင့် မရှိအောင် ခြိုးခြံချွေတာစွာ သုံးစွဲဆောင်ရွက်ရန်လိုပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသပ်ရပ်သော၊ စည်းကမ်းရှိသော မြို့များဖြစ်ပေါ်လာအောင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ မူဝါဒလမ်းညွှန် ချက်များကို လိုက်နာပြီးနှစ်အလိုက် စီမံကိန်းများ၊ စီမံချက်များ စနစ်တကျရေးဆွဲပြီး ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ စည်ပင် သာယာရေးဝန်ထမ်းများအားလုံးမှ ကြိုးစားဆောင်ရွက်ကြရန်နှင့် ပြည်သူလူထုမှ ဥပဒေလိုက်နာပြီး ပူးပေါင်းပါဝင်လာစေရန်အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း များအားလုံးနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း မြို့နယ်၊ မြို့များ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက မြို့နယ်၊ မြို့များ၏ စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များမှ အမှုဆောင်အရာရှိများက စည်ပင်သာယာရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုနှင့် အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

17-Jul-2026