ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတက်ရောက်
ပုသိမ် ဇူလိုင် ၁၇
၂၀၂၆ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့် တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်းလာစေရေး၊ ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချစေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများတွင် ဌာနဆိုင်ရာများသာမက ပြည်သူလူထုပါ ပူးပေါင်းပါဝင်လာစေခြင်းဖြင့် သစ်တောသစ်ပင်များအပေါ် ချစ်မြတ်နိုးစိတ် ရှင်သန်နိုးကြားစေရန်တို့ပဲဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှု ပိုမိုတိုးတက်လာစေရေး၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတုသမမျှတစေရေးတို့ကို အထောက်အကူပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောသစ်ပင်များသည် လူသားများနှင့် သဘာဝပတ်ဝန်းကျင်အတွက် အလွန်အရေးကြီးသောအရာများဖြစ်သည့်အတွက် သက်ရှိလောကတည်မြဲရန်၊ ထာဝရကုသိုလ်ရယူရန်၊ ဇီဝမျိုးစုံထိန်းသိမ်းရန်၊ လောင်စာစွမ်းအင်ရရှိရန်၊ ရေသယံဇာတထိန်းသိမ်းရန်၊ ရာသီဥတုမျှတစေရန်အတွက် သစ်ပင်စိုက်ပျိုးကြရန်နှင့် စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သစ်ပင်စိုက်ပျိုးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများထံသို့ ပျိုးပင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား အစရှိသည့် ပျိုးပင်ပေါင်း(၈၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။