ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သူနာပြုသိပ္ပံ(ပုသိမ်)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သူနာပြုသိပ္ပံ (ပုသိမ်) မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် ၁၅ ခုတွင် သူနာပြုသိပ္ပံ များအားလုံးကို တစ်ပြိုင်နက် ဖွင့်လှစ်တဲ့နေ့ထူးနေ့မြတ် ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံ့အကျိုးပြု သူနာပြုကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ကလည်း အဘက်ဘက်က ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက် ပေးလျှက်ရှိသည့်အချိန်၌ မိမိတို့သူနာပြုသိပ္ပံများကလည်း ရရှိလာသည့်အခွင့်အရေးကို ပြည့်ပြည့်ဝဝအကျိုးရှိရှိအသုံးချပြီး ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ သူနာပြုသိပ္ပံ(ပုသိမ်)၏ လက်ရှိကောင်းမွန်သည့်အစဉ်အလာများကို ဆက်လက် ထိန်းသိမ်း သွားကြရန်နှင့် ယခုလိုစိတ်ထားကောင်းသော၊ ကိုယ်ကျိုးမကြည့်သော သူနာပြုဆရာ/ ဆရာမကောင်းများ၊ အများကလေးစားအတုယူရသည့် သူနာပြု-သားဖွား ဆရာမကောင်းများကို ဂုဏ်ယူစွာဆက်လက်မွေးထုတ်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း၊ သူနာပြု-သားဖွား ဆရာမများ၏ကဏ္ဍသည် အရေးကြီးသည့်အတွက် သင်တန်းသား/သူဘဝကတည်းက မိမိတို့သူနာပြုလုပ်ငန်းကို တန်ဖိုးထားဂုဏ်ယူ တတ်စေရန်၊ ကိုယ်တိုင်အရည်အသွေးပြည့်မီစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ထူးချွန်အောင် သင်ယူကြရန် လိုပါကြောင်း” ပြောကြားသည်။

ထို့နောက် သူနာပြုသိပ္ပံ(ပုသိမ်)မှ ဒုတိယကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သူနာပြုသိပ္ပံ(ပုသိမ်) ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများ နှင့်အတူ ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

16-Jul-2026