ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေး အခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ပုသိမ် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် စပါးနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထွက်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသတွင်းစီးပွားရေးမြှင့်တင်ရန်အတွက် မိမိတို့ဆီ၌ ရှိပြီးသားဖြစ်သည့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကုန်ကြမ်းများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာဖွံ့ဖြိုး တိုးတက်အောင် ဖော်ဆောင်ပေးရန် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံပြီး လုပ်ကိုင်နေကြသည့်နိုင်ငံဖြစ်၍ ပြည်တွင်းရှိ MSME လုပ်ငန်းများ အတွက် အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ ဒေသထွက် ကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို တွန်းအားပေးဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် ဆွေးနွေးရုံသက်သက် မဟုတ်ဘဲ မိမိတို့တိုင်းဒေသကြီးအတွင်းက MSME လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို နည်းပညာ၊ ဘဏ္ဍာရေး၊ ဈေးကွက် စသည့် ဘက်စုံမှ မည်ကဲ့သို့ ပူးပေါင်းကူညီဖြေရှင်းပေးနိုင် မည်ကို လက်တွေ့ကျသည့် နည်းလမ်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအားလုံးအနေဖြင့် ပညာရှင်များ၏ ဆွေးနွေးချက်များကို ဂရုတစိုက် နားထောင်ပြီး မိမိတို့ သိရှိလိုသည်များကိုလည်း ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကာ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်တက်ကြွကြွ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြပါရန်" ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးမှု၊ ဈေးကွက်ဖော်ဆောင်ပေးနိုင်မှု၊ ယှဉ်ပြိုင်စွမ်းရှိသည့် ပို့ကုန်များထုတ်လုပ်နိုင်ရန် လိုအပ်မှုနှင့် အရင်းအနှီးလိုအပ်မှု အခြေအအနေများကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက MSME ကဏ္ဍအရေးပါမှု၊ MSME သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါမှု၊ MSME လုပ်ငန်းများ တိုးတက်ဖော်ဆောင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ပြီး အလုပ်လက်မဲ့နည်းပါးအောင်လျော့ချပေးနိုင်မှု၊ နိုင်ငံတစ်နိုင်ငံ၏(GDP)တိုးတက်အောင် ဖြည့်ဆည်းပေးနိုင်မှု၊ စက်မှုလက်မှုနည်းပညာဖွံ့ဖြိုး တိုးတက်ရန်လိုအပ်မှု၊ ဈေးကွက်ကျွမ်းကျင်မှု၊ ငွေကြေးအရေးပါမှု၊ ချေးငွေလိုအပ်မှုနှင့် နိုင်ငံတကာတွင် MSME အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ A Bank Public Company Limited ၏ ဒုတိယအမှုဆောင်အရာရှိချုပ်က ဒစ်ဂျစ်တယ်ခေတ်သစ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးပံ့ပိုးမှု ဈေးကွက်အခွင့်အလမ်းများကိုလည်းကောင်း၊ Arise Co., Ltd ၏ Managing Director က MSME လုပ်ငန်းများအတွက် ထုတ်ကုန်သစ်များ၊ ထုတ်ပိုးမှုပုံစံသစ်များနှင့် ပြည်တွင်းပြည်ပဈေးကွက် ချဲ့ထွင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက တိုင်းဒေသကြီးကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းရုံး ဆောက်လုပ်ရန်အတွက် အလှူငွေများပေးအပ်ရာ (ARCCI)အသင်းဥက္ကဋ္ဌက လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ မွေးမြူရေးလုပ်ငန်းပညာရှင် ဒေါက်တာဝင်းဇော်ထွန်း က ငါးမွေးမြူရေးတွင် ပရိုတင်းအစားထိုးဖြည့်စွက်စာ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်း ရှင်များအသင်းမှ ဦးစိုင်းတင်ကိုကို က ပုစွန်သားဖောက်ခြင်းနှင့် အစားထိုးအစားအစာ အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း အမှုဆောင်အရာရှိ ဒေါက်တာသက်ခိုင် က ကြက်/ဝက်/နွား မွေးမြူရေးထုတ်ကုန်များ အဆင့်မြှင့်တင်နိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပုသိမ်တက္ကသိုလ် စီးပွားရေးပညာဌာနမှ ဒေါက်တာခိုင်ဇာဝင်း က MSME လုပ်ငန်း ထုတ်ကုန်များ ဈေးကွက်ဝင်နိုင်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးဇော်မင်းအောင် က MSME လုပ်ငန်း များနှင့် Digital နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာ သူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။