TAL Trading ကုမ္ပဏီလီမိတက်မှ ဖျာပုံမြို့ရှိ ငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား ခွင့်ပြုချက် PO ဖြင့် စက်သုံးဆီခွဲဝေဖြန့်ဖြူးပေးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း

ပုသိမ် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်သည့် TAL Trading ကုမ္ပဏီလီမိတက်မှ ဖျာပုံမြို့ရှိ ငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား ခွင့်ပြုချက် PO ဖြင့် စက်သုံးဆီခွဲဝေဖြန့်ဖြူးပေးမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက စက်သုံးဆီ တင်သွင်းမှုနှင့် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချမှု၊ ကုမ္ပဏီမှတ်ပုံတင်ထားရှိမှု၊ လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချမှု များ ရှင်းလင်းတင်ပြမှုနှင့် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးသည် မြစ်ဝ ကျွန်းပေါ် ဒေသဖြစ်သဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်း၊ ငါးသယ် ရေယာဉ်များအတွက် စက်သုံးဆီများကို မြန်ဆန်စွာ ဖြန့်ဖြူးပေးနိုင်တော့မှာဖြစ်ပါကြောင်း၊ စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် ဆီမှောင်ခို ဈေးကွက်များမဖြစ်ပေါ်စေရန် တာဝန်ရှိသူများကကြပ်မတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ကုမ္ပဏီအနေဖြင့်လည်း ဆီခွဲဝေဖြန့်ဖြူးရာတွင် ဆီအရည်အသွေးကောင်းမွန်ရေးအတွက် အထူး အလေးထား ဆောင်ရွက်ဖြန့်ဖြူးရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

11-Jul-2026