ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ဧရာသီရိသုခခန်းမတွင်ပြုလုပ်သည့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားရေးနှင့် တောင်သူများလူမှုစီးပွားဘဝ မြင့်မားရေးအတွက် စနစ်ကျသောစိုက်ပျိုးရေး၊ စနစ်ကျသော မွေးမြူရေးလုပ်ငန်းများအား ပိုမိုလုပ်ကိုင်လာအောင်၊ (၁) ဧက ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ပြီး အထွက်တိုး လာအောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သီးနှံအထွက်တိုးရန် လုပ်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း (၄) မျိုးလုံး ကောင်းမွန်အောင်လုပ်နိုင်ရမည် ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီး အတွင်း (၁၃) မြို့နယ်ရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း (၁၆) သင်း၊ အသင်းသား တောင်သူ (၃၁၃) ဦး၊ စိုက်ဧက (၁၀၀၆)အတွက် ငွေကျပ် (၂၄၅.၇၂၈) သန်းနှင့် ညီမျှသော သွင်းအားစု ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ သွင်းအားစုများအချိန်မီ ထည့်သွင်းစိုက်ပျိုး နိုင်ခြင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ လယ်ယာကုန်ထုတ် သီးနှံများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်းတို့ဖြင့် တောင်သူများလည်း ဝင်ငွေတိုးမြင့်လာမည်ဖြစ်ပြီး စာရေးရိက္ခာပိုမိုပေါများလာစေရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သမဝါယမအသင်းစု တောင်သူများထံသို့ သွင်းအားစုများပေးအပ်ခဲ့သည်။ ဆက်လက်၍ သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်လာသည့်တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့၍ ဇီဝသဘာဝမြေဩဇာပြုလုပ်ထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကာ တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် သဘာဝ မြေဩဇာများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

20-Jun-2026