ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့တွင် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ

ပုသိမ် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်း ကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ များက မြေအသုံးချမှု၊ အဓိကသီးနှံ(၁၄)မျိုး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဆောင်ရွက်ချက်များ၊ ၂၀၂၆-၂၀၂၇မိုးစပါးစိုက်ပျိုးမှုအခြေအနေ၊ မိုးစပါးမျိုးကွဲအလိုက် စိုက်ပျိုးမည့်အစီအစဉ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်ပြီးစီးမှုနှင့် ထယ်ထိုးမြေမြှုပ်ဆောင်ရွက်ပြီးစီးမှုများ၊ အရန်မျိုးစပါးစုဆောင်းထားရှိမှု၊ ၂၀၂၅-၂၀၂၆ နွေစပါးစိုက်ပျိုးရိတ်သိမ်းမှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ သီဟို၌၊ ကော်ဖီစိုက်ပျိုးမှု၊ မှိုစိုက်ပျိုးမှုများ၊ နှစ်ရှည်ရာဘာပင်စိုက်ပျိုးမှုများ၊ တောင်သူများထံသို့ Drum Seeder များ ဖြန့်ဖြူးပြီးစီးမှုနှင့် ငွေပြန်လည်ပေးသွင်းမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့်ဧက၊ Rice Export Zone ဖော်ဆောင်မည့်အစီအစဉ်များ၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ များနှင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများက စိုက်ဧကစာရင်းများမှန်ကန်ရေး၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ တောင်သူ များထံသို့ စက်သုံးဆီနှင့် သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ အသားစားကြက်၊ ဥစားကြက်မွေးမြူထားရှိမှုနှင့် သားငါးဖူလုံမှု အခြေ အနေများ၊ မေထုန်မဲ့နည်းဖြင့်သားစပ်ဆောင်ရွက်မှု၊ ကြဲခင်းစနစ်များပပျောက်ရေး၊ တောင်သူများ ထံသို့ Drum Seeder များ ဖြန့်ဝေဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က "တောင်သူများထံသို့ စိုက်ပျိုးချိန်အမီ သွင်းအားစုများရောက်ရှိရေး အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး စိုက်ဧကနှင့် သီးနှံအထွက်နှုန်းများ မှန်ကန်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအားလုံးက လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း" ပြောကြားခဲ့သည်။

18-Jun-2026