ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ

ပုသိမ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက် တင်ပြသည်။

ယင်းနောက် ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း တာဝန်ရှိသူများက ဧရာဝတီယူနိုက်တက်ဘောလုံးအသင်း၏ အောင်မြင်မှုရရှိခဲ့သည့် အခြေအနေများ၊ အသင်းအောင်မြင်မှုရရှိရန် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် အိမ်ရှင်ပွဲစဉ်များအားလက်ခံကစားနိုင်ရေး၊ စံချိန်စံညွှန်းမီကွင်းဖြစ်စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်မှုများ ဆွေးနွေးခဲ့ပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်၍ လုံခြုံရေးအရန်အင်အားထုတ်နှုတ်ချထားပေးနိုင်ရေး၊ Medical Cover အဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ ကျောင်းများကိုအခြေခံကာ အခြေခံမှစတင်၍ ဘောလုံးနည်းစနစ်များ တတ်မြောက်အောင် သင်ကြားပေးနိုင်ရန်ရေးတို့ကို ဆက်လက်ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အခြေအနေများနှင့် ဘောလုံးအားကစားနည်း တိုးတက်စေရေးအတွက် တက်ကြွစွာဆွေးနွေးခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း အားကစားလောကတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ အားကစားကွင်းများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားပြိုင်ပွဲများကိုလည်း အခြေခံပညာ ကျောင်းများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်သက်တမ်းအလိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အားကစားနည်း တစ်ခုအောင်မြင်ရန်အတွက် ဝိုင်းဝန်းပံ့ပိုးမှုများပြုလုပ်ရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ဘောလုံးနည်းစနစ်များကိုလည်း အခြေခံမှ စတင်သင်ကြားပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသာမက အားကစားလောကဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားအထောက်အကူပြုအဖွဲ့များသာမက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း” ပြောကြားခဲ့သည်။

14-Jun-2026